“တရုတ်ပြည်” ကိုကူညီရင်း ပိုမိုချမ်းသာလာသည့် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးမိသားစု

ချီယာအက်ချောသည် ၁၉၂၁ ခုနှစ်တွင် တရုတ်ပြည်တောင်ပိုင်းရှိ တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရသည့် သူ၏ကျေးရွာမှထွက်ပြေးလာပြီး ညီဖြစ်သူနှင့်အတူ ဟင်းသီးဟင်းရွက်မျိုးစေ့များရောင်းချရင်း ထိုင်းနိုင်ငံ၌ ဘဝသစ်တခုကိုစတင်ခဲ့သည်။ နောင်နှစ်ပေါင်းတရာခန့်အကြာတွင် သူ၏မိသားစုသည် ထိုင်းနိုင်ငံ၌ အချမ်းသာဆုံးဖြစ်လာသလို သူ၏အဆက်အနွှယ်များသည် တရုတ်သမ္မတရှီကျင့်ဖျင်၏ အဓိကစီးပွားရေး မဟာမိတ်များဖြစ်လာကြသည်။

ချီယာ၏သားဒါနင်ချီယာရာဗန်နွန့်သည် ‘Charoen Pokphand Group Co.’(CP) ၏ စီနီယာဥက္ကဋ္ဌဖြစ်သည်။ စီပီသည် တိရစ္ဆာန်အစားအစာနှင့် ပင်လယ်စာများထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံးစီးပွားရေးလုပ်ငန်းစု ကြီးဖြစ်သည်။ ထို့ပြင် စီပီ (CP) သည် ထိုင်းနိုင်ငံတွင် ထိပ်တန်းတယ်လီကွန်းကုမ္ပဏီကြီးတခုကိုလည်း ပိုင်ဆိုင်သည်။ ထို့ပြင် စီပီသည် ထိုင်းနိုင်ငံအရှေ့ပိုင်း ပင်လယ်ကမ်းခြေဒေသကို ကျည်ဆန်ရထားများ၊ 5G ကွန်ရက်များ၊ စမတ်ကား စက်ရုံများပါဝင်သော နည်းပညာဗဟိုချက်တခုအဖြစ် ပြောင်းလဲမည့် ရည်မှန်းချက် ကြီးမားသော စီမံကိန်းတခု၏ဗဟိုချက်တွင် ပါဝင်နေသည်။

Loading...

အရှေ့ဘက်စီးပွားရေးစင်္ကြံ (EEC) သည် ထိုင်းစစ်အစိုးရ၏ အထင်ကရအစီအစဉ်တခုဖြစ်သည်။ ၎င်းတွင် Alibaba Group Holding Ltd နှင့် ဟွာဝေးနည်းပညာကုမ္ပဏီကဲ့သို့ တရုတ်ဧရာမနည်းပညာကုမ္ပဏီကြီးများ ပါဝင်မည်ဖြစ်သည်။ စီပီဂရု(ပ်)သည် ထိုင်းနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာရေးအတွက် အဓိက ကွင်းဆက်တခုဖြစ်သည်။

စီပီသည် တရုတ်မီးရထားတည်ဆောက်ရေးကော်ပိုရေးရှင်းနှင့် ပူးပေါင်းကာ ဘန်ကောက်နိုင်ငံတကာလေဆိပ်နှစ်ခုနှင့် ပတ္တယားကမ်းခြေကိုချိတ်ဆက်မည့် ၂ဝဝ ကီလိုမီတာ (၁၂၄ မိုင်) အရှည်ရှိ မီးရထားလမ်းကွန်ရက်ကို ဘတ် ၂၂၅ ဘီလီယံ အကုန်အကျခံတည်ဆောက်ရန်ကြိုးပမ်းနေသည်။ ထို့ပြင် ထိုင်းအရှေ့ဘက်ကမ်းခြေဒေသ၌ စက်မှုဇုန်တခုနှင့် လေဆိပ်ဇုန်တခုတည်ဆောက်ခွင့်ရရှိရေး အတွက်လည်း စီပီဂရု(ပ်)က ကြိုးပမ်းနေသည်။

Loading...

စီပီဂရု(ပ်)သည် တရုတ်ပြည် ဂွမ်ဆီဆောက် လုပ်ရေးအင်ဂျင်နီယာရင်းဂရု(ပ်)နှင့်ပူးပေါင်း၍ အရှေ့ဘက် စီးပွားရေးစင်္ကြံတွင် မြေ ၁၂၁၂ ဧကပေါ် မော်တော်ကားထုတ်လုပ်ရေးစက်ရုံများအစ အိမ်ခြံမြေလုပ်ငန်းများ အဆုံးလုပ်ကိုင်သွားမည်ဖြစ်သည်။ စီပီထောက်ခံအားပေးသည့် True ကော်ပိုရေးရှင်းသည် တရုတ်ဟွာဝေး ကုမ္ပဏီနှင့်ပူးပေါင်း၍ ထိုင်းနိုင်ငံ၏ ပထမဆုံး 4G ပံ့ပိုးသူဖြစ်လာခဲ့သည်။

ဟွာဝေးသည် ထိုင်းနိုင်ငံတွင် 5G ကွန်ရက်စမ်းသပ်ရန် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လျက်ရှိသည်။ အလီဘာဘာဘီလျံနာ သူဌေးကြီးဂျက်မားသည် ပြီးခဲ့သည့်နှစ်က ထိုင်းဝန်ကြီးချုပ်ပရာယွတ်နှင့်တွေ့ဆုံပြီး EEC ၏ အစိတ်အပိုင်းအဖြစ် စမတ်ဒီဂျစ်တယ် ဗဟိုချက်တခုအတွက် သဘောတူညီချက်တရပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက်အရ ထိုင်းဆန်နှင့် ဒူရင်းသီးများကို ဂျက်မား၏ တရုတ်ဒီဂျစ်တယ်ပလက်ဖောင်းမှတဆင့် ပြည်ပသို့ တိုးချဲ့တင်ပို့ မည်ဖြစ်သည်။ သီးခြားအနေနှင့် စီပီဂရု(ပ်)သည် ဂျက်မား၏ Ant Financial နှင့် သဘောတူညီချက်ရေးထိုးခဲ့ သည်။ Ant Financial သည် ၎င်း၏ e-wallet နှင့် အသေးစားချေးငွေဝန်ဆောင်မှုများအတွက် စီပီ၏ 7- Eleven ဈေးဆိုင်များကွန်ရက်ကို အသုံးပြုသွားမည်ဖြစ်သည်။

အရှေ့စီးပွားရေးစင်္ကြံသည် ထိုင်းနိုင်ငံ၏စီးပွားရေးကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည်ဟု စီပီက ကြေညာချက် တရပ်ထုတ်ပြန်သည်။ မြန်နှုန်းမြင့် မီးရထားလမ်းကန်ထရိုက်ရရှိရေး စီပီ၏ကြိုးပမ်းမှုသည် ထိုင်း၊ ဥရောပ၊ တရုတ်နှင့် ဂျပန်စီးပွားရေးမိတ်ဖက်များပါဝင်သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းစုကြီးတခု၏ အစိတ်အပိုင်းဖြစ်ကြောင်းလည်း စီပီကဆိုသည်။

ယခုဆောင်းပါးနှင့်ပတ်သက်ပြီး စီပီစီနီယာဥက္ကဋ္ဌဒါနင်သည် အင်တာဗျူးပြုလုပ်ရန် ငြင်းပယ်ခဲ့သည်။ မတ်လအခမ်းအနားတခုတွင် စီပီအမှုဆောင်အရာရှိချုပ်ဆူပါချိုင်းချီယာရာဗန်နွန့်က ”ထိုင်းနိုင်ငံဟာ တရုတ်၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား စတဲ့ ဒေသတခုလုံးနဲ့ချိတ်ဆက်ပြီး စီးပွားရေးဗဟိုချက်တခုဖြစ်လာမယ်”ဟု ပြောသည်။ ဆူပါချိုင်းသည် ၂ဝ၁၇ တွင် စီအီးအိုဖြစ်လာပြီး သူ၏အစ်ကို ဆူပါကစ်မှာစီပီ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ယင်းမှာ မိသားစုစီးပွားရေးလုပ်ငန်းကြီးကို တတိယမျိုးဆက်သို့လွှဲပြောင်းပေးခြင်းဖြစ်သည်။

ချီယာရာဗန်နွန့်မိသားစုသည် ထိုင်းနိုင်ငံတွင်အချမ်းသာဆုံးဖြစ်ပြီး ဒေါ်လာ ၂ဝ ဒသမ ၉ ဘီလီယံ ကြွယ်ဝ သည်။ ၎င်းတို့မိသားစုသည် ဖိလစ်ပိုင်ရှိ ‘Sys’ မိသားစု၊ မလေးရှားမှ ရောဘတ်ကူအုတ်မိသားစုများ နည်းတူ တရုတ်မျိုးနွယ်မှ ပေါက်ဖွားလာကြသူများဖြစ်ကြသည်။ သူတို့သည် သက်ဆိုင်ရာနိုင်ငံများတွင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန်ကူညီရင်း ပိုမိုချမ်းသာကြွယ်ဝလာကြသည်။

မကြာသေးမီနှစ်များက စီပီဂရု(ပ်)သည် ၎င်း၏ ပင်လယ်စာထုတ်လုပ်ရေးလုပ်ငန်း၌ ကျွန်ပြုခံရသူများ၏ လုပ်အားကိုအသုံးပြုနေသည်ဟု စွပ်စွဲမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်တရား ရုံးတရုံးက စီပီနှင့်အခြားထိုင်းရေထွက်ကုန်ပစ္စည်းများကို အမေရိကန်စတိုးဆိုင်ကြီးများ၌ ထားရှိရောင်းချခြင်း မပြုရန် အမိန့်ထုတ်ပြန်ခဲ့သည်။ စီပီက ၎င်းသည် ကျွန်ပြုမှုပုံစံအားလုံးကို ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံသည် ၎င်း၏ငါးဖမ်းလုပ်ငန်းအတွက် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း (ILO) ၏ ကွန်ဗင်းရှင်းကိုအတည်ပြုခဲ့သည်။

စီပီဂရု(ပ်)သည် တရုတ်အကယ်ဒမီသိပ္ပံများစွာနှင့် နည်းပညာဖလှယ်ရေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။ ဒါနင်၏တူဘီလျံနာ စီပီဒုတိယဥက္ကဋ္ဌဆီပင်းသည် ဇန်နဝါရီလက တရုတ် အကယ်ဒမီသိပ္ပံနှင့် သဘောတူညီချက်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက်အရ ပေကျင်းနှင့် မကာအိုတွင် ဂရင်းစမတ်စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းများ တည်ဆောက်ကြမည်ဖြစ်သည်။

စီပီဂရု(ပ်)တည်ထောင်သူချီယာသည် ထိုင်းလယ်သမားများအတွက် မျိုးစေ့များတင်သွင်းခြင်းဖြင့် သူ၏ စီးပွားရေးလုပ်ငန်းကိုစတင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် သူနှင့်သူ၏ညီဖြစ်သူတို့သည် ချီယာရာဗန်နွန့်ဟူသော ထိုင်းနာမည်ကိုခံယူပြီး ကုမ္ပဏီနာမည်ကိုလည်း Charoen Pokphand ဟု ပြောင်းလဲခဲ့သည်။ အဓိပ္ပာယ်မှာ စားသုံးသူများကြွယ်ဝချမ်းသာရေးဖြစ်သည်။

ယခုအခါ စီပီဂရု(ပ်)သည် ထိုင်းနိုင်ငံအစားအစာထုတ်လုပ်ရေးမှသည် စူပါမားကတ်ကြီးများအထိ လုပ်ငန်းများစွာပိုင်ဆိုင်သည်။ စီပီသည် တိန့်ရှောင်ဖိန်လက်ထက်စီးပွားရေးတံခါးဖွင့်ချိန် ရှန်ကျန်း၌ ရင်းနှီး မြှုပ်နှံခဲ့ကြသည့် ပထမဆုံးထိုင်းရင်းနှီးမြှုပ်နှံသူများတွင် အပါအဝင်ဖြစ်သည်။

”စီပီဟာ ယခုအခါလုပ်ငန်းမျိုးစုံကျယ်ပြန့်စွာလုပ်တဲ့ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်လာပါပြီ။ ပထမဆုံး ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေး၊ တယ်လီကွန်း၊ 7 Eleven စူပါမားကတ်များနဲ့ အခြားလုပ်ငန်းများစွာမှာ ရင်းနှီးမြှုပ်နှံခဲ့ တယ်။ ပြီးနောက် တရုတ်ပြည်မှာ စီးပွားရေးလုပ်ငန်းတွေတိုးချဲ့နေတယ်”ဟု ဟားဗတ်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခဝီလျံကာဘီက သုံးသပ်ပြောကြားခဲ့သည်။

ချစ်မြိုင်

Ref : (Bloomberg)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *